ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သတင်းများ

မေလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

(က) အစည်းအဝေးများကျင်းပပြုလုပ်ခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ ဦးဆောင်၍ မြန်မာသင်္ဘောသားများအတွက် Covid-19 ကင်းစင်ကြောင်း စစ်ဆေး၍ ထောက်ခံချက် ထုတ်ပေးရေး နှင့်ပတ်သက်သည့် အစည်းအဝေးကို ၂၇.၅.၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့၍ မြန်မာသင်္ဘောသားများအား COVID-19 ကင်းရှင်း ကြောင်း စစ်ဆေးပေးနိုင်ရေးအတွက် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ကိုယ်စား သင်္ဘောသားစုဆောင်းခြင်းနှင့် အလုပ်နေရာချထားခြင်း ဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်ပေးသော သင်္ဘောသားကိုယ်စားလှယ် လုပ်ငန်း (SRPS) ကုမ္ပဏီများ၏အဖွဲ့ချုပ်ဖြစ်သော မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF) အား  တာဝန်ပေးအပ်ရန် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MSESF)အနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်အား ဌာနသို့ တင်ပြသွားရန် ဆုံးဖြတ်ခဲ့ပါသည်။

Technical Meeting အစည်းအဝေးများအား ကျင်းပခြင်း

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဌာန၏ ဆောင်ရွက်လျှက် ရှိသည့် လုပ်ငန်းများအား ဌာနစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် အတည်ပြု ထားနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းပြုလုပ်သော Technical Meeting အစည်း အဝေးများအား ကျင်းပလျှက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း (၂) ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

(ခ)  အခမ်းအနားများနှင့် စာမေးပွဲကျင်းပခြင်းများ

ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲများဖြစ်သော  ရေယာဉ်မှူး (နိုင်ငံခြားသွား) နှုတ်ဖြေစာမေးပွဲအား (၁၈-၅-၂၀၂၀) မှ (၁၉-၅-၂၀၂၀) ရက်နေ့အထိ လည်းကောင်း၊ ပထမအရာရှိ (နိုင်ငံခြားသွား)နှင့် ပထမအရာရှိ (အိမ်နီးချင်းသွား) နှုတ်ဖြေစာမေးပွဲအား (၂၅-၅-၂၀၂၀) မှ (၂၉-၅-၂၀၂၀) ရက် နေ့အထိလည်းကောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်၊ စည်းကမ်းများအတိုင်း လိုက်နာလျှက် ရေကြောင်းဌာနခွဲမှ ဦးဆောင် ကျင်းပခဲ့ပါသည်။

ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ် စာမေးပွဲများဖြစ်သော  ရေကြောင်း အင်ဂျင်နီယာအရာရှိ နှုတ်ဖြေစာမေးပွဲ (၁/၂၀၂၀)အား (၂၅-၅-၂၀၂၀) တွင် စစ်ဆေးလျက်ရှိရာ Marine Engineer Officer Class-I (၃၁) ဦးနှင့် Marine Engineer Officer Class-II (၅၀) ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြ၍ စာမေးပွဲစစ်ဆေးရာတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် တစ်နေ့လျှင် ကျောင်းသား (၈) ဦးသာ လက်ခံစစ်ဆေးပြီး၊ စာဖြေသူများ စာမေးပွဲခန်းသို့ မဝင်ရောက်မီ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ လက်အိတ် ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစီး တပ်ဆင်စေခြင်းများအား ကြိုတင်ပြင်ဆင်စေလျက် စာဖြေသူနှင့် စာစစ်သူအကြား Video Intercom စနစ်ဖြင့် အခန်းခြားကာ ဆောင်ရွက်ခဲ့ပါသည်။

(ဂ) ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည်  COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဆောင်ရွက် လျက်ရှိရာ ရုံးဝန်ထမ်းများ အင်အားပြည့် ပြန်လည် အလုပ်ဝင်ရောက်ချိန်တွင် COVID-19 ရောဂါပိုး ကူးစက်မှုမရှိစေရန် ရုံးဝန်ထမ်းများ တာဝန်ထမ်းဆေင် ရာနှင့် ပြင်ပဧည့်သည်များ၊ စာပေးစာယူကိစ္စများအတွက် ပြင်ပနှင့် ထိတွေ့ ဆက်ဆံခြင်းများ အတွက် Social Distancing အားလိုက်နာခြင်း၊ လက်ဆေးရန် နေရာများ သတ်မှတ် စီစဉ်ပေးခြင်း၊ Mask များဖြန့်ဝေပေးခြင်းနှင့် ရုံးတက်လာသူ ဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာခြင်း စသည့်လုပ်ငန်းများအား ဆောင်ရွက်ခဲ့ ကြပါသည်။

Covid-19 ကာလအတွင်း လေကြောင်းလိုင်းများ ပိတ်ထားချိန်တွင် Sign Off ပြုလုပ်မည့် မြန်မာသင်္ဘောသားများအတွက် Relief Flight ၊ Cargo Flight များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးကိစ္စ

Covid-19 ကာလအတွင်း လေကြောင်းလိုင်းများ ပိတ်ထားချိန်တွင်Sign Off ပြုလုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေရသော သင်္ဘောသားများ အတွက် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးသို့ ဆက်သွယ်၍ သတ်မှတ် ဆုံရပ် နိုင်ငံများသို့ လာရောက်နိုင်ရေး စီစဉ်ပေးပါရန်နှင့် Relief Flight ၊ Cargo Flight များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ပေးပါရန် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ရာ မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေရသော သင်္ဘောသားများစာရင်းအား ပြုစုပေးပို့ကြရန် သက်ဆိုင်ရာ SRPS ကုမ္ပဏီများသို့ MSESF မှတဆင့် အကြောင်းကြားထားပြီး ဖြစ်ပါသည်။

မြန်မာသင်္ဘောသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေးနှင့် ပတ်သက်သည့် ကိစ္စ

Covid-19 ကာလအတွင်း မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးပြီး နိုင်ငံတကာ သင်္ဘောများပေါ်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေရသည့် မြန်မာသင်္ဘောသားများ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးနှင့် ဆက်သွယ်၍ သံရုံး၏ ညွှန်ကြားချက်အတိုင်း သက်တမ်းတိုး ဆောင်ရွက် နိုင်ရေးနှင့် သက်တမ်းကုန်ဆုံးပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာ သင်္ဘောသားများ အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) ထုတ်ယူနိုင်ရေး ဆောင်ရွက်သွားကြရန် တို့အား သက်ဆိုင်ရာ SRPS ကုမ္ပဏီများသို့ MSESF မှတဆင့် အကြောင်းကြားထားပြီး  ဖြစ်ပါသည်။

မြန်မာသင်္ဘောသားများ၏ SID စာအုပ်များ သက်တမ်းတိုးမြှင့်ပေးရေးကိစ္စ

Covid-19 ကာလအတွင်း နိုင်ငံတကာ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင် လျက်ရှိကြသော မြန်မာသင်္ဘောသားများ၏ Seafarers’ Identity Documents (SID) စာအုပ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုး ထောက်ခံချက် ဆောင်ရွက်ပေးသွားမည့် ကိစ္စအား သက်ဆိုင်ရာ SRPS ကုမ္ပဏီများသို့ MSESF မှတဆင့် အကြောင်းကြားထားပြီး  ဖြစ်ပါသည်။

ရေကြောင်းလုပ်ငန်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဌာနခွဲသည် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း အနေဖြင့် ကမ်းရိုးတန်းသွား နှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်ကြီး (၁၁)စင်းအား လုပ်ငန်းလိုင်စင် အသစ်ထုတ်ပေးခြင်း၊ ရေယာဉ်ကြီး (၁၉၉) စင်းအား သက်တမ်းတိုး လုပ်ငန်း လိုင်စင်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ ရေယာဉ်ကြီး (၂)စင်းအား မှတ်ပုံတင် ပေးခြင်း၊ မှတ်ပုံတင်ကိစ္စ အခြားပြောင်းလဲခြင်း (၁၀)စင်း ဆောင်ရွက်ခဲ့ကာ VGM ကြေငြာနိုင်ရေးအတွက် Shipper များသို့ Approval Letter အသစ်(၁၂)စောင်နှင့် သက်တမ်းတိုး (၁)စောင်ထုတ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။

မွန်ပြည်နယ်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်ရုံးသည် ၂၀၂၀ ပြည့် နှစ်၊ မေလအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စက်မြင်း(၂၀)အထက် ခရီးသည်တင်/ကုန်တင် ရေယာဉ်(၄)စီးအား မှတ်ပုံတင်နှင့် လုပ်ငန်းလိုင်စင် အသစ်ပြုလုပ်ခြင်း၊ ရေယာဉ် (၄) စီးအား သက်တမ်းတိုး ပေးခြင်း၊ ငါးဖမ်း/ ငါးသယ် ရေယာဉ်(၃၂)စီး အား ပြည်နယ်မှတ်ပုံတင်အသစ် ထုတ်ပေးခြင်း၊ (၃၃) စီးအား သက်တမ်းတိုးပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံးသည် ငပုတောမြို့၊ ဈေးဆိပ်ကမ်း ဆိပ်ခံဗော ထားရှိရန်နေရာအား လည်းကောင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ခရီးသည်တင် ရေယာဉ်များ၏ စည်းကမ်းလိုက်နာမှုအား စစ်ဆေးခြင်းကို ဟင်္သာတမြို့နယ်၊ အောက်ရွာလေးကျေးရွာ၊ ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၄) ရက်နေ့၌ လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးသည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက် ကျောက်စရစ်များ စစ်ဆေးရေး အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင် ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နယ်၊ စစ္စရံကျေးရွာတွင် အခြေပြုလျက် ကျောက်စရစ်တင် ရေယာဉ်များ အား စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့်ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။